Matchmaking Conference on China (Hubei)-Myanmar Investment Cooperation ကျင်းပ

လမ်းမတော် ဇန်နဝါရီ  ၂၇

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအခြေစိုက် တရုတ် ကုန်သည်ကြီးများအသင်း (Chinese Enterprises Chamber of Commerce in Myanmar-CECCM) မှ ကြီးမှူး၍ ဟူပေပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ ပူးပေါင်းပါဝင် မှုဖြင့် “Matchmaking Conference on China (Hubei)-Myanmar Investment Cooperation” အား ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai, ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ဟူပေပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Huarong နှင့် ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့မှ အသီးသီးအမှာစကား ပြောကြားခဲ့ကြ သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ စက်မှုဇုန်များ၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ် ရေး၊ မော်တော်ယာဉ်လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းစသည့် အလားအလာရှိသော စီးပွားရေးလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ရှိခဲ့ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai, ဟူပေပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူများ၊ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်ထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝင်းစည်သူ၊ မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွား ရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ကျော်ဆန်းမြင့်  လမ်းမတော် (ပြန်/ဆက်)