မိုင်းယောင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများ ချပြရှင်းလင်း

မိုင်းယောင်း    ဇန်နဝါရီ      ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ ချပြရှင်းလင်းနှင့် ဆောင်ရွက်မည့် ကုမ္ပဏီများအား မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်း ခြောက်ခုနှင့် ကျေးလက်ကုန်ထုတ်လမ်း တစ်မိုင်နှစ်ဖာလုံလုပ်ငန်းများ ချပြရှင်းလင်းခြင်း၊ တင်ဒါအောင် ကုမ္ပဏီများနှင့် မိတ်ဆက်ရှင်းလင်းခြင်း၊ လုပ်ငန်းပါ စည်းကမ်းချက်များနှင့် လုပ်ငန်း စံချန်စံညွှန်း သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြသည်။

တင်ဒါအောင်ကုမ္ပဏီများဖြစ်သည့် ရိုးမအလင်းတန်းကုမ္ပဏီမှ ယမ်းမ-နားဖန်း ကုန်ထုတ်လမ်း တစ်မိုင် နှစ်ဖာလုံ၊ စိုင်းရှဲန်ရွက် ကုမ္ပဏီမှ ယမ်းမ-နားဖန်း ကုန်ထုတ်လမ်း တစ်မိုင် နှစ်ဖာလုံလမ်းပေါ်ရှိ တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ယာမီထွန်း ကုမ္ပဏီမှ ဟိုရမ်းရေပေးရေး လေးမိုင်နှင့် ဟွေထမ်ရေပေးရေး သုံးမိုင်၊ Enliven Group ကုမ္ပဏီမှ ဟောင်ကြန့်ရေပေးရေး လေးမိုင်၊ PPP ကုမ္ပဏီမှ ယမ်းခမ်းရေပေးရေး သုံးမိုင်၊ Focus Connect ကုမ္ပဏီမှ ပါမုန်ရေပေးရေး လေးမိုင်၊ ဟိန်းအင်ပါယာကုမ္ပဏီမှ မိုင်းဟစ် ရေပေးရေး သုံးမိုင် အသီးသီး ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းမှ တင်ဒါရကုမ္ပဏီ တာဝန်ရှိများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း