ကာမိုင်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်း

ကာမိုင်း  ဇန်နဝါရီ  ၂၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းကို ဖားကန့်မြို့နယ် ဥပဒေအရာရှိ ဦးကျော်သူက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ်များကို Power Point ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ရပ်ကွက်/ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စုများမှ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်းရရှိရေးကို ညွှန်ကြားချက်များ နှင့်အညီ အိမ်ထောင်စုများအား အချိန်မီပြုလုပ် ဆောင်ရွက်ပေးနိုင်ရေးအတွက်ကို လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကာ တက်ရောက် လာကြသည့် ကာမိုင်းမြို့ ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်/ကျေးစာရေးများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် ၎င်းအဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် လဝါးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ လီဒိုလမ်းမပေါ်ရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်/ကျေး စာရေးများအား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ချပြရှင်းလင်းဆွေးနွေး ဆောင်ရွက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သင့်အခွင့်အရေးသင်ရွေးချယ်ပေး…” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)