နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

နေပြည်တော်  ဇန်နဝါရီ   ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအသုတ်အဖြစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ရောက်ရှိလာပြီဖြစ်ရာ ယနေ့နံနက်()နာရီက နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်ရှိ ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဗဟိုအဆင့် ဆေးရုံကြီးများမှဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။

နေပြည်တော်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း စဉ် တွင် အဓိက တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများကို ဒက္ခိဏသီရိမြို့နယ်တွင် (၅၅)ဦး၊ ပျဉ်းမနားမြို့နယ်၊ ခုတင်(၂၀၀)ဆံ့ဆေးရုံကြီးတွင် (၄၂၀)ဦး၊ လယ်ဝေးမြို့နယ်တွင် (၃၁၅)ဦး၊ ဇမ္ဗူသီရိမြို့နယ်တွင်(၆၉)ဦး၊ ဥတ္တရသီရိမြို့နယ် ခုတင်(၅၀)ဆံ့ဆေးရုံတွင်(၈၃)ဦး တပ်ကုန်းမြို့နယ်တွင် (၂၃၁)ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် (၁၃၅)ဦး ဇေယျာသီရိမြို့နယ်တွင် (၉၉)ဦး စုစုပေါင်း(၁၄၀၇)ဦးတို့အား ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို  ပထမအကြိမ် ထိုးနှံလျက်ရှိပြီး ဒုတိယအကြိမ်ကို နောက် ၂၈ ရက်အကြာတွင် ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်တွင် အဓိက တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ယနေ့တွင် နံနက်ပိုင်း၊ နေ့လည်ပိုင်းခွဲကာ တစ်ရက်တည်းအပြီး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ထိုးနှံပြီးသူများကို မှတ်တမ်းကတ်ပြား ထုတ်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်တွင် အဆိုပါကတ်ပြားနှင့်အတူ လာရောက် ထိုးနှံရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် Side effect မှာ ထိုးသည့်နေရာတွင် ရောင်ခြင်း၊ နာခြင်းတို့ ဖြစ်မည်ဖြစ်ကြောင်း၊ အချို့သူမှာ ခေါင်းမူးခြင်း၊ အနည်းငယ် မအီမသာဖြစ်ခြင်းတို့ရှိပြီး Side effect ကြီးကြီးမားမား မတွေ့ရပါကြောင်း၊ သွေးပေါင်ချိန်များသည့်သူများကို သွေးပေါင်ငြိမ်သည့်အခါတွင် လည်းကောင်း ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ကိုယ်ခံအားကျဆင်းနေသည့် သူများ၊ ကင်ဆာရောဂါဖြစ်နေသူများနှင့် သွေးကြဲဆေးသောက်သုံးနေရသူများ၊ ဓာတ်မတည့်ခြင်းများသူကို ထိုးနှံပေးမည် မဟုတ်ကြောင်း ပျဉ်းမနားမြို့၊ ခုတင်(၂၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ပြောကြားခဲ့သည်။

နေပြည်တော်(ပြန်/ဆက်)