နယ်စပ်မှ အဝင်နည်းသဖြင့် ကြက်သွန်ဖြူ ဈေးတက်

မန္တလေး  ဇန်နဝါရီ ၂၇

ယခင်က တရုတ်ကြက်သွန်ဖြူ တစ်ပိသာလျှင် ၁၂၀၀ကျပ်ရှိရာမှ ယခုအခါ တစ်ပိသာလျှင် ၂၁၅၀ထိ ၃လအတွင်း ဈေးများမြင့်တက်လာကြောင်း၊ ရှမ်းကြက်သွန်ဖြူပေါ်ခါစတွင် တစ်ပိသာလျှင် ၁၂၀၀ကျပ် ဝန်းကျင်ရှိရာမှ ယခုအခါ တစ်ပိသာလျှင် ၂၀၀၀ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်လာကြောင်း၊ ဗမာကြက်သွန်ဖြူတစ်ပိသာလျှင် ၃၀၀၀ကျပ်ဝန်းကျင်ရှိကြောင်း ၊ ဗမာကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူနှင့် တရုတ်ကြက်သွန်ဖြူများ ဈေးတက်နေကြောင်း ကြက်သွန်ဖြူရောင်းသည့် ပွဲရုံများထံမှ သိရသည်။

" ကြက်သွန်ဖြူ ဈေးတက်တယ်လို့ ပြောလို့ ရတာပေါ့။ ဒီချိန်က ရှမ်းဖြူကလည်း ကုန်သလောက် ဖြစ်နေပြီ။ ဗမာဖြူကလည်း ကုန်သလောက်ဖြစ်နေပြီ။ ရှမ်းဖြူက ဈေးတောက်လျှောက်တက်လာပြီးတော့ အခုရက်ပိုင်း နည်းနည်းတန့်နေတာတော့ ရှိတာပေါ့။ လက်ရှိက တရုတ်ဖြူကဘဲ ကြီးစိုးနေတယ်။ အခုရက်ပိုင်းမှာ နယ်စပ်မှာက အဝင်ကားတွေကို Limitနဲ့ လွှတ်နေတဲ့အခါကျတော့ ဈေးကွက်ကို သူတို့ ထိန်းနိုင်ပြီး ချယ်လှယ်နိုင်တဲ့ အနေအထားအထိ ဖန်တီးသွားနိုင်တာပေါ့။ ဈေးကွက်ပေါ်မှာ တဖြည်းဖြည်းနဲ့ တရုတ်ဖြူဈေးက မြင့်လာတယ်ပေါ့။ယ်။ ရသလောက်တော့ သူတို့က ဈေးကို ဆွဲခေါ်အုံးမှာဘဲ။ ၆လပိုင်းကျ သူတို့အသစ်ပေါ်မှ သူ့တို့လက်ကျန်အနေအထားနဲ့ ကြည့်ပြီးတော့မှ ဈေးကွက်က ကျရင်လည်း ထိုးကျသွားမယ်။ တက်ရင်လည်း ထိုးတက်သွားနိုင်တယ်။ " ဟု အာရှပွဲရုံပိုင်ရှင် ဦးသိန်းဝင်းက ပြောသည်။

" လက်ရှိဝယ်ယူမှုအပိုင်းကတော့ တရုတ်ဖြူက ကြီးတော့ တမြောင်းခွာလိုက်ရင် အများကြီးရတော့ တရုတ်ဖြူဝယ်တာ များတာပေါ့။ တကယ်တမ်း အစားအသောက်ပေါ်မှာ အလေးထားတဲ့သူကသာ ဗမာဖြူတို့ ရှမ်းဖြူတို့ကို စားကြတာပေါ့။ တချို့ကျ တရုတ်ဖြူ မသုံးမဖြစ်တာလောက်မှ ဗမာဖြူတို့ ရှမ်းဖြူတို့ သုံးကြတာပေါ့။ ဈေးကွက်အနေအထားအရ တရုတ်ဖြူနဲ့ ရှမ်းဖြူဈေးအနေအထားက တစ်ခါတလေ ဆက်စပ်မှုမရှိဘူး။ တစ်ခါတလေကျတော့လည်း ဈေးသိပ်မကွာတဲ့အခါတွေလည်း ရှိတယ်။ ဗမာဖြူနဲ့ ရှမ်းဖြူကျ အခုအချိန်မှာဆို တစ်ပိသာ တစ်ထောင်လောက် ကွာတယ်။ ဗမာဖြူက ဈေးကြီးတာပေါ့။ သူက အနံ့အရသာရော ကုန်ရဲ့ ရှားပါးမှုရော မတူဘူး။ " ဟု ဆက်ပြောသည်။

ရှမ်းကြက်သွန်ဖြူကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ယခုအခါ ကြက်သွန်ဖြူ အသစ်အပေါ်သေးသဖြင့် အောင်ပန်းနှင့် တောင်ကြီးမှ မန္တလေးသို့ အများဆုံးတင်ပို့နေကြောင်း၊ ဗမာကြက်သွန်ဖြူကို ရွှေဘိုဘက်မှ အများဆုံးစိုက်ပျိုးကြပြီး တပို့တွဲလပြည့်တွင် အသစ်တော့မည်ဖြစ်ကြောင်း၊ တရုတ်ကြက်သွန်ဖြူများကို တရုတ်နိုင်ငံမှ တင်သွင်းပြီး ဇွန်လဝန်းကျင်တွင် အသစ်ပေါ်ကြောင်း သိရသည်။

ထိပ်ထားနိုင်