ကွမ်းခြံကုန်း ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ ရွေးချယ်မှုနှင့် ပတ်သက်ပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူများ သိရှိနိုင်ရန်နှင့် ရွေးချယ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့(၈) ဖွဲ့မှ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မပိုင်းရပ်ကွက် အရှေ့ကျောင်းကြီးတိုက် သာသနာ့ဗိမာန် ဓမ္မာရုံတော်ကြီး တွင် ကြီးကြပ်ရေးအဖွဲ့ (၁) မှ ရပ်ကွက်နေပြည်သူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ကြီးကြပ်ရေးအဖွဲ့ (၁)တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်ဦး၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးတင်မောင်သိန်း၊ မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်ချိုချိုသန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဇာနည်ထွန်းတို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၊ ရွေးချယ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ အုပ်ချုပ်ရေးမှူး တစ်ဦးတွင် ရှိရမည့် အရည်အချင်း သတ်မှတ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ရာတွင် သိရှိရမည့် အချက်အလက်များ၊ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်ရန် အများကြည်ညိုလေးစားသည့် လူပုဂ္ဂိုလ်များကို ရွေးချယ်ရန်နှင့် ဒီမိုကရေစီစံနှုန်းအရ အများသက်မှတ်ချက်များနှင့်အညီ မှန်ကန်သော ရွေးချယ်မှု များဖြစ်လာစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)