မိုင်းခုတ် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူတို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့ပြီး ထောက်ပံ့ငွေ မရရှိသေးသည့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၁၀၄)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်-၂၀၀၀ဝိ/ နှုန်းဖြင့် စုစုပေါင်းငွေကျပ်- ၂,၀၈၀,၀၀ဝိ/ ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့သည်။
"အဒေါ်က မုံညင်း၊ နံနံပင်၊ ကြက်သွန်မိတ်စတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီးရောင်းပါတယ်၊ အရင်က အဒေါ်တို့ စာရင်းမပါတော့ ထောက်ပံ့ကြေးမရဘူးလေ၊ အခုကျပ်-၂၀၀၀ဝိ/ရတယ်၊ အိမ်အတွက် အများကြီး အထောက်အကူဖြစ်တယ်၊ အခုလိုထောက်ပံ့ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်" ဟု အမှတ်(၂)ရပ် ကွက်မှ ဒေါ်နန်းဟွေ့က ပြောကြားသည်။
မိုင်းခုတ်မြို့တွင် ယခင်ထောက်ပံ့ငွေများပေးအပ်စဉ်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၃၀)စုရှိခဲ့ပြီး ယခုအိမ်ထောင်စု(၁၀၄)စု ထပ်တိုးရရှိခဲ့သဖြင့် စုစုပေါင်း အိမ်ထောင်စု(၄၃၄)စု ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
စိုးတင့်(ပြန်/ဆက်)