ဇမ္ဗူသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်မှ စ၍ ဇမ္ဗူသီရိမြို့နယ် ခုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးနေမှု အခြေအနေများကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ အိန္ဒိယနိုင်ငံထုတ် COVISHIELD/Astrazeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်း (၆၉) ဦးအား ယနေ့နံနက်ပိုင်းမှစတင်၍ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူများကို ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းထံမှ သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)