မိုင်းယန်း ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် သက်ဆိုင်သော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးသက်လင်းထွန်းမှ မိုင်းယန်း မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်ကြသည့် မြစိမ်းရောင် စီမံကိန်းတွင် ပါဝင်သောကျေးရွာများရှိ အဖွဲ့ဝင် ကော်မတီဝင်များက စီမံကိန်း ဆောင်ရွက်နေမှုများအပေါ် တွေ့ကြုံရသည့် အားသာချက် အားနည်းချက်များကို တင်ပြဆွေးနွေး ခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။
မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် မြစိမ်းရောင် စီမံကိန်းဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ကာ မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ ကျေးရွားဖွံ့ဖြိုးရေးနှင့် ကျေးရွာ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)