ဖယ်ခုံ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဈေးရှေ့ ရပ်ကွက်တွင် လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံလူတန်းစားများအား ငွေကျပ်နှစ်သောင်း ထောက်ပံ့ခြင်း ငါးကြိမ်မြောက်ဖြစ်ပြီး ပထမဆုံး ၁၅၀၀၀ ကျပ်တစ်ကြိမ်၊ ရိက္ခာငါးမျိုး ထောက်ပံ့ခြင်းတစ်ကြိမ် စုစုပေါင်းထောက်ပံ့ခြင်း ခြောက်ကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။
ဈေးရှေ့ရပ်ကွက် ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၆၀ ကျော်အနက် အိမ်ထောင်စု ၄၂ စု ထောက်ပံ့ကြေး ကျပ် ၂၀၀၀၀ စီရရှိခဲ့ကြောင်း၊ ငွေကျပ် ၂၀၀၀၀ ထောက်ပံ့ရာတွင် အိမ်ထောင်စု ၆၆ စု သုံးကြိမ်နှင့် ယခု အိမ်ထောင်စု ၄၂ စု နှစ်ကြိမ် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဈေးရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရီထွန်းအောင်က ပြောသည်။
ဖယ်ခုံမြို့နယ်အတွင်း အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ကြေး ငွေကျပ်နှစ်သောင်း ပေးအပ်ရာတွင် မြို့ပေါ် ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၁၂ အုပ်စု အိမ်ထောင်စု ၂၀၄၅ စုအတွက် စုစုပေါင်းငွေကျပ် ၄၀၉ သိန်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)