တပ်ကုန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

တပ်ကုန်း  ဇန်နဝါရီ  ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက တပ်ကုန်း ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းတွင် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ကျန်းမာရေးဝန်ထမ်းအား ကာကွယ်ဆေး မထိုးမီအချိန်တွင် တစ်ဦးချင်းစီ သွေးပေါင်းချိန်ခြင်းနှင့် လိုအပ်သည့်အချက်များ စစ်ဆေးဆောင်ရွက်ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း(၁၀၁)ဦး၊ မြို့နယ်ကုသရေး ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၁၂၉)ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၂၃၀)ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့သည်။

ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူများကို လေးပတ်အကြာတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သိရသည်။

တင်စိုးလွင်