ကျောက်ဆည် ဇန်နဝါရီ-၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ ရှင်းလင်းဆွေးနွေးကို ယမန်နေ့နေ့လည်(၁၁)နာရီခွဲက ဖောင်ရွာရပ်ကွက်၊ စုကြီးရပ်ကွက်၊ ပြည်လုံးနိုင်ရပ်ကွက် များတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး မျိုးမြင့်ဦး၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်လင်းလင်းကြူတို့သည် ပြည်သူများနှင့်တွေ့ဆုံပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်ရေး၊ တတိယအကြိမ် ပြင်ဆင်ထားသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေး မြို့နယ် အဆင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊နည်းဥပဒေများ ရှင်းလင်းဆွေးနွေးရေး အဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)