ကျောက်ပန်းတောင်းမြို့နယ်တွင် RDT Test Kit ဖြင့်စစ်ဆေးသည့် (၂)ဦးနှင့် Quarantine Center မှ  Swab ယူစစ်ဆေးသူများမှ (၅)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၇

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တွင် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်မှ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်လိုက်များအား RDT Test Kit ဖြင့်စစ်ဆေးလျက်ရှိရာ ဇန်နဝါရီ(၂၆)ရက်နေ့က  ယာဉ်မောင်း(၁)ဦး၊ ယာဉ်လိုက်(၁)ဦးနှင့် Quarantine ဝင်နေသူများအား Swab ယူစစ်ဆေးသူများ အနက်မှ (၅)ဦး စုစုပေါင်း(၇)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

            ကျောက်ပန်းတောင်းမြို့ ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်မှ RDT Test Kit ဖြင့်စစ်ဆေးရာတွင် မန္တလေး(အောင်မြေသာစံမြို့နယ်) ရွှေမြင်းပျံ ကုမ္ပဏီ၏ ကျောက်ပန်းတောင်းမြို့သို့ ပစ္စည်းလာရောက်ပို့ဆောင်သည့် ယာဉ် မှ ယာဉ်မောင်း(၁)ဦးနှင့် အရောင်းဝန်ထမ်း(၁)ဦး၊ ပေါင်း(၂)ဦးတွင် လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်နေသူ(၂၅၅)ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab စစ်ဆေးရန်ကျန်ရှိသူ (၈၀)ဦးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့်တက်ရောက်နေသူ(၂)ဦး စုစုပေါင်း(၈၂)ဦးတို့၏ Swab နမူနာများကို ဇန်နဝါရီ(၂၅)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ  သီရိမင်္ဂလာရပ်ကွက် မှ(၃)ဦး၊ ချောင်းခြားစု(မ)ကျေးရွာမှ (၁)ဦးနှင့် လွတ်လပ်ရေးရပ်ကွက်မှ(၁)ဦး  ပေါင်း(၅)ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယနေ့တစ်နေ့တည်း ပိုးတွေ့လူနာပေါင်း(၇)ဦးဖြစ်ကြောင်းသိရသည်။

            အဆိုပါ ပိုးတွေ့လူနာများကို ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိပြီး၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ GTI Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)