ဆွမ်ပရာဘွမ်မြို့နယ်၌ အန္တရာယ်လျှော့ချရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

ဆွမ်ပရာဘွမ် ဇန်နဝါရီ  ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အန္တရာယ်လျှော့ချရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကို Medical Action Myanmar (MAM) အဖွဲ့အစည်းမှ ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ဘန်ရူးခန်မ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အဖွင့်အမှာစကားပြောကြား ခြင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ထွန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ Medical Action Myanmar (MAM) အဖွဲ့အစည်းမှ ဒေါက်တာရဲနောင်ဦးက HIV တားဆီးကာကွယ်ရေးစီမံချက်ဖြစ်သည့် အန္တရာယ်လျှော့ချရေးဆိုင်ရာ လုပ်ငန်းများအား ဗီဒီယိုပြသပြီး လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Medical Action Myanmar (MAM) အဖွဲ့အစည်းမှ ဒေါက်တာဇေယျာဦးက အန္တရာယ် လျှော့ချရေးလုပ်ငန်းဆိုင်ရာ (Harm Raduction) အချက်များဖြစ်သည့် HIV ရောဂါ ၊ ART ဆေး ၊ TB ဆေး၊ အသည်းရောင်အသားဝါဆေး၊ ကာလသားရောဂါ၊ မူးယစ်ဆေးသုံးစွဲ သူများအား ကျန်းမာရေးဆွေးနွေးခြင်း၊ ဆေးလွန်ခြင်းမှကာကွယ်ရန် ပညာပေးခြင်းနှင့်ကုသခြင်း၊ စိတ်ကျန်း မာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်း၊ စီးပွား၊ လူမှုရေးဆိုင်ရာ ပြန်လည်ထူးထောင်ခြင်း၊ လူ့အခွင့်ရေး စသော အချက်(၁၂)ချက်ကိုရှင်းလင်းပြီး မူးယစ်ဆေးဝါး သုံးစွဲမှု အန္တရာယ်လျှော့ချရေး အသိပညာပေး ဗီဒီယိုပြသပေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက ်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)၊ကုဋေ