သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ/နွားအရေပြား အကျိတ်နာရောဂါ အသိပညာပေး ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

သီပေါ    ဇန်နဝါရီ    ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ/နွား အရေပြားအကျိတ်နာ ရောဂါ အကြောင်း အသိပညာပေးပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးရှေ့နှင့် မြို့နယ်အတွင်းရှိ အနီးအနား ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးပိုစတာဆိုင်းဘုတ်များ စိုက်ထူရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြူဦးက သတိပြုသင့်သည့် ကျွဲ/နွားအရေပြား အကျိတ်နာရောဂါလက္ခဏာများဖြစ်သည့် အရေပြားတွင် အကျိတ်အဖုထွက်ခြင်း၊ မှိုင်တွေခြင်း၊ ဖျားခြင်း၊ အကျိတ် အဖုများ ပေါက်ထွက်၍ အနာများ ဖြစ်ပေါ်ခြင်း၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါကာကွယ်ရန် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိ ပညာပေး ပြောကြားခဲ့ပြီး ကျွဲ/နွား အရေပြားအကျိတ်နာရောဂါ ကာကွယ်ထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး ပိုစတာ ဗီနိုင်း ဆိုင်းဘုတ် များကို လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင်  စိုက်ထူပေးခဲ့ကြသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည်  ကျွဲ/နွားအရေပြား အကျိတ်နာရောဂါ အသိပညာပေး လက်ကမ်း စာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

ခင်လေး(သီပေါ၊ပြန်/ဆက်)