ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြဆောင်ရွက်

ကျောက်တလုံးကြီး   ဇန်နဝါရီ  ၂၇

ပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး  ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို  ယနေ့ နံနက် ၉ နာရီခန့်  ကနောင်ခဲကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခွန်သားငယ်က မီးသတိမူရေးအနေဖြင့် ပြည်သူ များ မီးကိုင်တွယ်အသုံးပြုရာတွင် ပေါ့လျော့စွာ အသုံးမပြုဘဲသတိ၊ ဝိရိယနှင့် စနစ်တကျ အသုံးပြုရန်၊ မီးကြိုတင်ကာကွယ် တားဆီးရေးအနေဖြင့် အိမ်တိုင်းမီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးငြှိမ်းသတ်ရေး အနေဖြင့် မီးလောင်မှုဖြစ်ပွားလာပါက သက်ဆိုင်ရာ အနီးဆုံး မီးသတ်စခန်းသို့ ဆက်သွယ်သတင်းပို့၍ အချက်ပေး မီးလှန့် သံချောင်းခေါက်ကာ မီးကူးစက်ပြန့်ပွားမှုမရှိအောင် ရေကိုစနစ်တကျ အသုံးပြုရန် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်တလုံးကြီးမြို့ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း အမျိုးမျိုးကို လက်တွေ့ သရုပ်ပြခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို နောင်ခဲကျေးရွာအုပ်စု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ နောင်ခဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)