မြင်းခြံ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပျားကျေးရွာရှိ တောင်ကြားဝဆည် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ အောင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးသန့်တို့ က စစ်ဆေးခဲ့ကြသည်။
ပျားကျေးရွာရှိ တောင်ကြားဝဆည်သည် (၁၉၉၀-၁၉၉၁) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၀၀၀-၂၀၀၁) ခုနှစ်တွင် ပြီးစီးကာ ကျေးရွာမှ ထိန်းသိမ်းထားရှိပါသည်။ တောင်ကြား ဝ ဆည်၏ အလျားမှာ (၂၄၅) ပေ၊ အမြင့် (၃၆) ပေ ရှိသည့် မြေသားတမံ အမျိုးအစားဖြစ်ပြီး ကန်ရေ ပြည့် ရေလှောင်ပမာဏမှာ (၈၅၀) ဧကပေ၊ ကန်ရေသေပမာဏမှာ (၆၂) ဧကပေ ရှိပြီး အသုံးပြုနိုင် သော ပမာဏမှာ (၇၈၈) ဧကပေ အသုံးပြုနိုင်သည့်အတွက် ကျေးလက်နေပြည်သူများကို အကျိုးပြုလျက်ရှိသည့် ကျေးရွာထိန်းဆည် တစ်ခု ဖြစ်ပါသည်။
"ပျားကျေးရွာရှိ တောင်ကြားဝဆည်၏ Upstream နှင့် Downstream တို့မှာ ခြုံနွယ်များထူထပ်စွာ ပေါက်ရောက်နေပြီး တမံထိပ်ပြင်နိမ့်ကျခြင်း၊ ရေပေးမြောင်းရှိ ရေထိန်း အဆောက်အဦများ လုံလောက်စွာမရှိခြင်း၊ ရေပေးမြောင်းများ ပျက်စီးနေခြင်းတို့ကြောင့် စိုက်ပျိုးရေ အပြည့်အဝ သုံးစွဲနိုင်မှုမရှိသဖြင့် ရေသောက်စနစ်အား ပြန်လည်ပြုပြင်ရန်နှင့် တမံပေါင်မှာလည်း ကြံ့ခိုင်မှု အားနည်းလျက်ရှိခြင်းတို့ကြောင့် တမံပေါင် တောင့်တင်းခိုင်မာစေရန် ပြန်လည်ပြုပြင်ခြင်း အပြင် ထက်ရှိ တမံထိပ်ပြင်အမြင့် အထက်တွင် (၃) ပေ ထပ်မံမြှင့်တင်၍ တမံပေါင် တောင့်တင်း ခိုင်မာအောင် ပြုပြင်ဆောင်ရွက်ခြင်းနှင့် ရေသောက်စနစ်ပြုပြင် လုပ်ငန်းအနေဖြင့် မြောင်းပုံစံကျ ပြန်လည်ပြုပြင်ခြင်း၊ ရေထုတ်ပေါက်များ ပြုပြင်တပ်ဆင်ခြင်း၊ ရေကျအဆောက်အုံများ ပြန်လည်ပြုပြင်ခြင်းနှင့် ရေဆိုးထုတ်ပြွန်များ ထည့်သွင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း" မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုး သန့်က ပြောသည်။
မြင်းခြံမြို့နယ် ပျားကျေးရွာရှိ တောင်ကြားဝဆည်ကို ပြန်လည်၍ အဆင့်မြှင့်ပြုပြင် ပေးခြင်းအားဖြင့် မိုးစပါး (၂၀၀) ဧက၊ နွေစပါး (၁၀၀) ဧကနှင့် အခြားသီးနှံ (၁၀၀) ဧက စုစုပေါင်း (၄၀၀) ဧကကို နှစ်စဉ် စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်သည့်အပြင် တောင်ကြားဝဆည်အတွင်း ရေသို လှောင် ထိန်းသိမ်းထားရှိခြင်းအားဖြင့် ကျေးရွာအတွင်းရှိ ရေတွင်း၊ ရေကန်များ ရေပိုမိုသိုလှောင်ထား ရှိနိုင်မည်ဖြစ်သောကြောင့် ကျေးရွာနေပြည်သူများ သောက်သုံးရေပြည့်ဝစွာ ရရှိနိုင်မည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရေဖူလုံစေပြီး ဒေသအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)