ပုံပါကျင်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ နည်းဥပဒေများ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပုံပါကျင်  ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့က မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာဓမ္မာရုံနှင့် ဘဝသစ်ကျေးရွာ ဘုရားကျောင်းတို့တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာများနှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ ပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် ကျေးရွာအုပ်စုတာဝန်ခံများက ရှမ်းဘာသာဖြင့်လည်းကောင်း၊ လားဟူဘာသာဖြင့်လည်းကောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးခွန်းများကို ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

မိုင်းဟန်ကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၂၈၂ အိမ်ရှိပြီး  ဆွေးနွေးပွဲသို့  မြို့အဆင့်ဌာနဆိုင်ရာများ၊ မိုင်းဟန်ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်စုနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)