ကျိုင်းတုံ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အရုဏ်ခံ တန်ဆောင်း၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မိုင်းခွန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာရွတ်ဖတ် ပူဇော်ကာ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောသလ္လ ထံမှ အလှူရှင်များက ငါးပါးသီလ ဆောက်တည်ခံယူကြသည်။
ယင်းနောက်ဆရာတော်များက ပဋ္ဌာန်းတရားတော် နာကြားရန်အတွက် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်းနှင့် ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်ရန် ပဋ္ဌာန်းအမွှန်းဂါထာကို ရွတ်ဆို၍ အသံမစဲမဟာ ပဋ္ဌာန်းတရားတော်များကို စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖိတ်ကြားထားသော ဆရာတော် သံဃာတော်များမှ ကိုဗစ်-၁၉ ရောဂါကာလလမ်းညွှန်ချက်များနှင့်အညီ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)