မိုင်းပန် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်မှ မိုးမေတ္တာဖောင်ဒေးရှင်း (MEU METTA Foundation)သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လင်းခေးမြို့၊ နောင်လုံကျေးရွာအုပ်စု၊ နမ့်တင်ကျေးရွာရှိ ကျန်းမာရေးချို့တဲ့သူ၊ ငွေကြေးခက်ခဲသူ (၁၄) ဦးအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးချို့တဲ့သူများ အလုပ်လုပ်ကိုင်ရန် ခက်ခဲသူအများစု ပါဝင်ပြီး ၎င်းတို့အား ဆန်၊ ဆီ၊ ဆား၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြာဇံ၊ ငါးသေတ္တာဘူး၊ ပဲပုပ်၊ ဝက်ခေါက်၊ ခေါက်ဆွဲခြောက်၊ အခင်းနှင့် ခြုံစောင်၊ ဆပ်ပြာ၊ ခြေအိတ် စသည့် ပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖောင်ဒေးရှင်းသည် မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အမှန်တကယ် ငွေကြေးချို့တဲ့သူများ၊ ကျန်းမာရေးချို့တဲ့သူများ၊ စောင့်ရှောက်သူမဲ့နေသည့် သက်ကြီးရွယ်အိုများအား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးပြီး စိတ်ဓာတ်ခွန်အားပေးနေသည့် အဖွဲ့ဖြစ်ကာ ရပ်ဝေးရပ်နီးနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များ လှူဒါန်းသည့် အလှူငွေများဖြင့် သွားရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)