မိုင်းယောင်းမြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း ဆောင်ရွက်

မိုင်းယောင်း ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး နွေစပါးစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာအာဟာရဓာတ် တိုးတက်လာစေရန်အတွက် သဘာဝမြေသြဇာပြု လုပ်သုံးစွဲနည်းများကို တောင်သူများ၏ ဖိတ်ခေါ်ချက်အရ ယမန်နေ့တွင် လက်တွေ့ပြုလုပ်ပြသ ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက သဘာဝမြေဆွေးမြေသြဇာ ပြုလုပ်ရန်အတွက် သီးနှံ အကြွင်းအကျန်များဖြစ်သော ကောက်ရိုး၊ စပါးခွံ၊ နှမ်းရိုး၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူးဖတ်၊ ပြောင်းဖူးအူတိုင်၊ ပဲရိုး၊ ပဲခွံ၊ ပေါင်းမြက်အမှိုက်များနှင့် ပုလဲဓာတ်မြေသြဇာ၊ နုန်းမြေ၊ နွားချေး၊ တင်လဲရည်(သို့မဟုတ်)ကုက္ကိုသီး၊ ထရိုင်ဂိုဒါးမား၊ ဖွဲနုတို့ လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများက မြေဆွေးပုံအလွှာ ရရှိရန် သီးနှံပင် အကြွင်းအကျန်များကို ညီညာစွာဖြန့်၍ ရေဖျန်းခြင်း၊ ခြေထောက်ဖြင့်နင်းခြင်း၊ ပုလဲမြေသြဇာ၊ နွားချေးတို့ကို ညီညာစွာဖြန့်ခြင်း၊ နွားချေးအပေါ်၌ ထရိုင်ဂိုဒါးမားနှင့် ဖွဲနုကိုရောကာ အပေါ်မှ ညီညာစွာထပ်မံဖြူးခြင်း၊ ယင်းအပေါ်မှ နုန်းမြေကို မျက်နှာပြင်တစ်ခုလုံး လုံအောင်ဖုံးခြင်း၊ နုန်းမြေအပေါ်မှ တင်လဲရည်ကို ဖြန့်ပေးခြင်း၊ မြန်မြန်ဆွေးမြည့်စေရန်နှင့် အစိုဓာတ်ထိန်းပေးရန် အတွက် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပေးခြင်း စသည့် မြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ ပြုလုပ်ပြသခဲ့သည်။

အဆိုပါ မြေဆွေးပုံကို ၄၅ ရက်အကြာတွင် အထက်အောက် သမအောင် ရောမွှေ၍ စနစ်တကျ ပြန်လည်ပုံပေးရကြောင်း၊ အစိုဓာတ် ရရှိရန် ရေကို လုံလောက်စွာ ဖျန်းပေးပြီးနောက် နောက်ထပ် ၄၅ ရက်အကြာတွင် အလွယ်တကူ အသုံးပြုနိုင်သော မြေဆွေး ရရှိပြီဖြစ်ကြောင်း သိရသည်။

“သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်တွေ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းတွေ၊ သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာတွေနဲ့ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းတွေ စတဲ့ နည်းပညာပေးလုပ်ငန်းတွေကို မိမိတို့တောင်သူများအနေနဲ့ စိတ်ဝင်စားကြပါတယ်၊ ဒါ့ကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်၊ လယ်ယာစွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ အသုံးပြုပြီး သဘာဝမြေဩဇာအဖြစ် အကျိုးရှိစွာ ပြုလုပ်သုံးစွဲသွားမှာဖြစ်ပါတယ်၊ ယခုလို ကိုဗစ်-၁၉ ကာလမှာ စိုက်ပျိုးရေးဦးစီးမှူးနဲ့ ဝန်ထမ်းများမှ လက်တွေ့ကျကျ လာရောက်ပြသပေးတဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်ပါတယ်” ဟု တောင်သူတစ်ဦးက ပြောကြားသည်။

စိုင်းအောင်ဇော်လင်း