ဆီဆိုင် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အတွင်းရှိ ပရိယတ္တိစာသင်ကျောင်းတိုက်များသို့ ကိုရီးယားနိုင်ငံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် မြို့နယ်သာသနာရေးမှူး ဦးအောင်ဆန်းဝင်းတို့က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင် မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမပရိယတ္တိစာသင်ကျောင်းတိုက်ကြီးနှင့် ဟိုခဲရပ်ကွက် အတွင်းရှိ ဥတ္တရာရုံကျောင်းတိုက်တို့ အတွက် တစ်ကျောင်းလျှင် ဆန်(၈)အိတ်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ သာသနာလင်္ကာရကျောင်းတိုက်အတွက် ဆန်(၅)အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)