တောင်ကြီး၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက (၇၄)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပြီးခဲ့သည် လွတ်လပ်ရေးနေ့ အခမ်းအနားအတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည် ဖြစ်ပြီး ဖွဲ့စည်းထားသည့် ကော်မတီများကလည်း လိုအပ်သည်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့်        အခမ်းအနားကို အဝေရာကုန်းသာယာ မီးပုံပျံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကော်မတီများဖြစ်ကြသည့်စစ်ရေးပြလုပ်ငန်းကော်မတီနှင့် လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့်    ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီတို့မှ အသီးသီး ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ လာမည့်ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျင်းပမည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အပြီးသတ် ပြန်လည်ဆွေးနွေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေလင်းမှCovid-19 ရောဂါစည်းကမ်းချက်နှင့်အညီ အခမ်းအနားကို လူ(၃၀)ထက် မပိုစေဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြို့တော်ခန်းမ၌ ကျင်းမည်ဖြစ်၍ အဝင်မုဒ်များပြုလုပ်ရန်၊ သတင်းမီဒီယာ အဖွဲ့များ အတွက် မီဒီယာကော်နာထားရှိပေးရန် ၊ ခန်းမအဝင်တွင် ကျန်းမာရေးဌာနမှအပူချိန်တိုင်း သာမိုမီတာဖြင့် အပူချိန်တိုင်း တာပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)