နမ္မတူတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူ

နမ္မတူ       ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ္မတူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်းများ ကောက်ယူရာတွင် ကာကွယ်ဆေးထိုး လုပ်ငန်းတွင် အသုံးပြုရန် လူဦးရေစာရင်း ကောက်ယူသည့်ပုံစံ ပုံစံ-၁ပါ အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ ပြည့်ပြီးအသက်၊ ကျား/မ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမှတ်၊ လက်ရှိနေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ မှတ်ချက်များပါဝင်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဌာနအမည် ဦးစားပေးဖော်ပြရမည် ဖြစ် သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း ထိုးနှံပေးသွားမည် ဖြစ်သည့် အတွက် ရပ်ကွက်/ကျေးရွာ ရာအိမ်မှူးများက မိမိတို့နယ်မြေအတွင်း  လူဦးရေ မကျန်ရှိစေရေးအတွက် စနစ် တကျ စာရင်း ကောက်ယူပေးလျက်ရှိကြောင်း သိရှိရသည်။

လူမော် (ပြန်/ဆက်)