မိုင်းဆတ်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်နှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်တိုး က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးက မြစိမ်းရောင်သုံးသပ် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်းကျေးရွာ ကော်မတီဝင်များက ရန်ပုံငွေထုတ်ချေးခြင်း၊ အတိုးရငွေများ စနစ်တကျ စာရင်းပြုစုခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ မြစိမ်းရောင်စီမံကိန်းစည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မိုင်းဆတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၂၆)ယူနစ် မတည်ရန်ပုံငွေ ကျပ်သန်း(၇၈၀)ကို ကျေးရွာပေါင်း(၄၀)တွင်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အတိုးရငွေကျပ်သန်း(၄၇၀) ရရှိခဲ့ပြီး အတိုးရငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော အခြေခံ အဆောက်အဦများနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသားများကိုယ်တိုင် အကောင် အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေတိုးပွားလာစေပြီး ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်စေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦး ထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)