ဆီဆိုင် ဇန်နဝါရီ ၂၇
ကျေးလက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု အတွင်းရှိ ထမ်းဖုရားကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်းကွင်းပြင်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အဝတ်အထည်များ လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့က အမှာစကားပြောကြားပြီး နန်းဩ ကျေးလက်ကျန်းမာရေးဌာန၊ ဆရာမဒေါ်နန်းရွှေဥမှ တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း၊ နှလုံး၊ ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါအကြောင်းများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါကျေးရွာရှိ ပြည်သူများအား အဝတ်အထည်များပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့က မတည်ရန်ပုံငွေနှင့် စေတနာအလှူရှင်များတို့ စုပေါင်း၍ သားသမီး(၆)ဦးရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုအတွက် နေအိမ်အသစ်တစ်လုံး ဆောက်လုပ်လှူဒါန်းပေးပြီး စောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး (၃)စုံစီကိုလည်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)