မူဆယ်နယ်စပ် (မန့်ဝိန်း ဝင်/ထွက်) ဂိတ် တစ်နာရီခန့် ယာယီပိတ်ဆို့မှုဖြစ်ပွား

မူဆယ် ဇန်နဝါရီ ၂၆

မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ(ဂျယ်ဂေါင်)သို့ ဝင်ပေါက်ဖြစ်သည့် မန့်ဝိန်းဂိတ်အား ယနေ့  နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ ယာယီပိတ်ဆို့မှု ဖြစ်ပွားခဲ့‌‌ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ မန့်ဝိန်းဂိတ်ပေါက် တရုတ်နိုင်ငံဖက်မှ (၆) ဘီးကုန်တင်ယာဉ်ပိုင်ရှင်များ (၅၀) ဦးခန့်စုဝေးလျက်ရှိပြီး မူဆယ်မြို့ဖက်ခြမ်းတွင် ကုန်တင်ရန် တရုတ်လိုင်စင်ပါ(၆)ဘီးယာဉ်များ တန်းစီ စောင့်ဆိုင်းသည်မှာ (၁) လကျော်ကြာမြင့်နေပြီဖြစ်သဖြင့် ယခင်အချိန်များကဲ့သို့ ဦးစား ပေးအဆင့်အဖြစ် သတ်မှတ်ဝင်/ထွက် ခွင့်ရရေး အရေးဆိုနေကြခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ(မူဆယ်)ဖက်ခြမ်းတွင်လည်း တရုတ်(ဂျယ်ဂေါင်)ဖက်သို့ ကုန်တင်/ပို့(ဝင်/ထွက်)နိုင်ရေး မြန်မာ ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေသည်မှာ (၁)လကျော် ကြာမြင့်နေရခြင်းမှာ အတူတူပင်ဖြစ်ကြောင်း၊ ယခင်ကတရုတ်လိုင်စင်ပါ ကုန်တင်ယာဉ် များကို အထူးဦးစားပေးခဲ့ရသဖြင့် ကုန်စည်ဖလှယ်မှုမမျှတသဖြင့် မြန်မာဖက်မှ အရည်အသွေးမမှီတော့ သော သားငါးသီးနှံ ပို့ကုန်စည်များ ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ ထို့ကြောင့်  အထူးအခွင့်အရေး အဖြစ် တောင်းဆိုမှုအား လိုက်လျောနိုင်မှု လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း တာဝန်ရှိသူ၏ ရှင်လင်းချက်အရ သိရသည်။

ယခုအခါ ပုံမှန်အဝင်/အထွက်ကို နံနက်၁၀ နာရီခွဲမှ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း သိရသည်။

အယ်လ်စိုး(Iprd)

ဓါတ်ပုံ HL Maung(muse)