ဖယ်ခုံတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးနည်းဥပဒေအား ထပ်ဆင့်အသိပေးရှင်းလင်း

ဖယ်ခုံ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၊ ဈေးနောက်ရပ်ကွက်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေအား ထပ်ဆင့် အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့မဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းဦးစီးဌာနမှူး ဒေါ်လှလှချို၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူတို့က အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သုနန္ဒာက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အသိပေးရှင်းလင်းပွဲတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများတို့ကို  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဈေးနောက်ရပ်ကွက်တွင် အိမ်ခြေ ၄၉၇ အိမ်၊ အိမ်ထောင်စု ၅၃၁ စုတွင် လူဦးရေစုစုပေါင်း ၂၅၂၉ ဦးရှိကြောင်း၊ အသိပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်အတွင်းမှ အိမ်ထောင်စုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မောင်မောင်ထွေး(ပြန်/ဆက်)