စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများ တွေ့ဆုံဆွေးနွေး

လှည်းကူး ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ် ကျေးရွာအုပ်စုများ အတွင်းရှိ လယ်ယာမြေများ ပေါ်တွင် စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်က ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက လှည်းကူး မြို့နယ် ပိုက်ကြီးဝဲ၊ ညောင်တစ်ခြမ်း၊ ကျွန်းကုန်း၊ တံခွန်တိုင်(လှည်းကူး)၊ အုန်းနှဲကုန်း စသည့် ကျေးရွာ အုပ်စုများအတွင်းရှိ လယ်ယာမြေများပေါ်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်း၍ စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံ တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။  

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဥယျာဉ် စီမံကိန်းတွင် ပါဝင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ကုမ္ပဏီ မှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ များ စုစုပေါင်း အင်းအား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)