မိုင်းဆတ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီက ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်သောထောက်ပံ့ငွေများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အုပ်စုခွဲ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၅)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသောထပ်တိုးအိမ်ထောင်စု(၁၄၉၇)စုအား တစ်အိမ်ထောင်လျှင်ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွကျပ် ၂၉၉၄၀၀၀၀/− ကို အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုင်းဆတ်မြို့နယ်တွင် ယခင်ထောက်ပံ့ငွေများပေးအပ်စဉ်က ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု(၂၃၈၁)စု ရှိခဲ့ပြီး ယခု အိမ်ထောင်စု(၁၄၉၇)စု ထပ်တိုးရရှိခဲ့သဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု စုစုပေါင်း(၃၈၇၈)စုရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)