ခရမ်း ဇန်နဝါရီ ၂၆
တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်ကာ ခွေးရူးရောဂါ ကာကွယ် ဆေးများ အခမဲ့ထိုးနှံခြင်းကို ယမန်နေ့က စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တိရစ္ဆာန်များတွင် ဖြစ်သော အချို့ရောဂါများသည် လူသို့ကူးစက်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင် ကြောင်း၊ ဥပမာ ကြက်ငှက် တုပ်ကွေးရောဂါ၊ ခွေရူးရောဂါ စသည်တို့ဖြစ်ကြောင်း၊ ထိုအထဲတွင် ခွေးရူး ရောဂါသည် ကာကွယ်ဆေးရှိသည့်အတွက် တိရိစ္ဆာန်မှ တစ်ဆင့် လူသို့ မကူးစက်နိုင်အောင် ယခုလို ကြိုတင် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ထံမှ သိရသည်။
ထိုသို့ ထိုးနှံရာတွင် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ချမှတ်ထားသည့် အိမ်မွေး ခွေးများ၊ ကြောင်များသို့ လိုက်လံ ထိုးနှံ ပေးခဲ့ကြောင်း၊ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ် ဆေးများ ပုံမှန်ထိုးနှံခြင်း၊ ခွေးရူးရောဂါ ဖြစ်ပွားသော ခွေးများ တွေ့ရှိပါကလည်း သက်ဆိုင်ရာသို့ အမြန်အကြောင်း ကြားပေးခြင်းဖြင့် ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း သိရ သည်။
ကိုမင်း (ခရမ်း)