ကျောက်တန်း ဇန်နဝါရီ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇွဲကနာ ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ များ ကို ယမန်နေ့က အိမ်အရောက် လိုက်လံ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ အရင်ကတော့ စုရပ်တစ်ခုမှာစုပြီး ထုတ်ချေးပေးပါတယ်၊ အခုက ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနရဲ့ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေ ရန်အတွက် ကျွန်တော်တို့ မြစိမ်းရောင် ကော်မတီဝင် များက အိမ်အရောက် လိုက်လံ ထုတ်ချေး ပေးတာ ဖြစ်ပါတယ်၊ ကိုဗစ်ကာလမှာ ပြည်သူတွေ အခက်အခဲမဖြစ်ရအောင် အတိုးနှုန်းကိုလည်း ပထမ(၁)မှာ ပြား(၅၀)နှုန်း၊ နောက်(၁၁)လမှာ (၁)ကျပ် ၊ပြား(၅၀) နှုန်းနဲ့ ထုတ်ချေးပေးတာဖြစ်ပါတယ်” ဟု ကျေးရွာ မြစိမ်းရောင် ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ဇွဲကနာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၆) ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ (၁၁၁)ဦးနှင့် အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ (၉) ဦး၊ စုစုပေါင်း (၁၈၆) ဦးအား ငွေကျပ် (၄၈၅၀၀၀၀၀/-)(ကျပ် လေးရာ ရှစ်ဆယ် ငါးသိန်း) ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)