ကွမ်းခြံကုန်း ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်း ခြောက်သွေ့သော ရာသီသို့ ရောက်ရှိ လာပြီ ဖြစ်သဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် မီးဘေး ကာကွယ်ရေး အသိပညာပေး ဟောပြောမှု နှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုကို ထန်းတောကျေးရွာအနီးရှိ မြို့အဝင် မြို့ရှောင်လမ်း ဖောက်လုပ်နေသည့် နေရာသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက်ဦးဆောင်၍ တပ်ဖွဲ့ဝင် ၆ ဦး၊ မီးငြှိမ်းသတ် ယာဉ် ၁ စီးဖြင့် လမ်းအထူးအဖွဲ့ ဝန်ထမ်းများနှင့် လိုင်းခန်းများတွင် နေထိုင်သည့် မိသားစုဝင်များအား မီးလောင်ခြင်း အမျိုးမျိုးနှင့် မီးဘေး အန္တရာယ် ကာကွယ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ် မီးသတ် စခန်းတာဝန်ခံ ဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင်များက မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်မှုများ ကို လက်တွေ့ ဆောင်ရွက် ပြသခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှု များတွင် Foam ဆေးရည်အသုံးပြု၍ အမြှုပ်ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်စက် ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို လမ်းအထူးအဖွဲ့မှ ဝန်ထမ်းများနှင့် အတူလက်တွေ့ ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းစိုး (ကွမ်းခြံကုန်း)