နောင်တရားမြို့၌ ဒေသခံများအသုံးပြုသည့်ရေထွက်အား ကွင်းဆင်းစစ်ဆေး

နောင်တရား   ဇန်နဝါရီလ ၂၆

နွေရာသီတွင် သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ မြို့ခံပြည်သူများအသုံးပြုနေသည့် ထီနောင်ရေထွက်နှင့် ထီပနဲင်ရေထွက်ကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။

ထီနောင်ရေထွက်မှ နောင်တရားမြို့ တစ်မြို့လုံးကို သောက်ရေသုံးရေများပေးဝေလျက်ရှိပြီး ယခုအခါ အဆိုပါရေထွက်မှ ရေထွက်ရှိမှုအား ကောင်းလျက်ရှိပြီး နွေရာသီတွင် သောက်သုံးရေ ရှာပါးခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ ထီပနဲင်ရေထွက်သည် နောင်တရားမြို့၏ နွေရာသီ စိုက်ပျိုးရေး အတွက်အသုံးပြုလျက်ရှိပြီး ရေကန်ခမ်းခြောက်မှု မဖြစ်ပေါ်စေရေးအတွက် စည်းကမ်းတကျဖြင့် အသုံးပြုဆောင်ရွက်သွားရန် အသိပေးနှိုးဆော်ထားသည်ဟု နောင်တရားမြို့ အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမင်းနောင်က ပြောကြားသည်။

ထီနောင်ရေကန်မှ နောင်တရားမြို့အတွင်းသို့ နောင်တရားမြို့စည်ပင်သာယာရေးဌာနမှ မြို့ရေပေးဝေရေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါမြို့ရေ ပေးဝေရေးကို အသုံးပြုသည့် အိမ်ထောင်စုပေါင်း(၂၆၀)ကျော်ခန့်ရှိကြောင်း နောင်တရားမြို့စည်ပင်သာယာရေးဌာနမှ သိရသည်။

ခွန်အောင်(နောင်တရား)