မူဆယ်မြို့၊ နယ်စပ်ဒေသ၌ Myanmar Automated Cargo Clearance System (MACCS) စနစ်ကို မေလမှ စတင်ကျင့်သုံးမည်

မူဆယ် ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်မှုအများဆုံးဖြစ်သော မူဆယ်မြို့နှင့် ချင်းရွှေဟော်၊ နယ်စပ်ဒေသတို့တွင် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ကာ တိုးချဲ့ကျင့်သုံးတော့မည် ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

(MACCS)စနစ်ကို အသုံးပြုမည့်သူများအနေဖြင့် (စာတွေ့)သင်တန်းကို ယခင်(၂၀၂၀)ခုနှစ်၊ ဩဂုတ်လအထိ သင်တန်းပို့ချပေးပြီး ဖြစ်ကြောင်းသိရပြီး (လက်တွေ့)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်း၊  အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန် ချက်နှင့်အညီ ပို့ချပေးလျက်ရှိသည်။

သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး မူဆယ်-နမ့်ခမ်းအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးစိုင်းထွန်းကိုကိုက “(MACCS)သင်တန်းကို ယခင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာကုန်ပိုင်းမှာ အပြီးသတ်သင်ကြားပို့ချပေးဖို့ စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားတဲ့အတွက် ဒီသင်တန်းကို နောက်ဆုတ်ပြီးတော့ သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်၊ ဒီသင်တန်းကို အကောက်ခွန် ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ(Jica)တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဗဟိုအဆင့်ကော်မတီရဲ့ ခွင့်ပြုချက်နှင့်အညီ သင်ကြားပို့ချ ပေးနေပါတယ်၊ နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်ကနေ ကြီးမှူးကျင်းပပေးတဲ့ သင်တန်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

(၂၀၁၅)ခုနှစ်၌ ရန်ကုန်မြို့နှင့် (၂၀၁၈)ခုနှစ်၌ မြဝတီ၊ နယ်စပ်ဒေသတို့တွင် (MACCS)စနစ်ကို အသီးသီးစတင် ကျင့်သုံးနေပြီဖြစ်သည်။ အဆိုပါ(MACCS)လက်တွေ့သင်တန်းကို ရန်ကုန်မြို့မှ သင်တန်းနည်းပြများက လာရောက် ပို့ချပေးသလို ဂျပန်နိုင်ငံ(Jica)မှ သင်တန်းနည်းပြ များ က အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ပို့ချပေးလျက်ရှိသည်။

“ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အချိန်တော်တော် သက်သာသွားမယ်၊ ဝန်ထမ်းတွေနဲ့ ထိတွေ့စရာ မလိုအပ်ဘဲ မိမိအိမ်ကနေ အခွန်ဆောင်တဲ့ စနစ်တွေကို ပြုလုပ်နိုင်ပါတယ်၊ လုပ်ငန်းဆောင်ရွက်တဲ့ပိုင်းမှာ ပိုမိုမြန်ဆန်လာသလို မှန်ကန်တိကျတဲ့အတွက် ဒီစနစ်က အင်မတန်ကောင်းမွန်တဲ့ စနစ်ဖြစ်ပါတယ်” ဟု မူဆယ်-နမ့်ခမ်းအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးက သင်တန်းမှ အထောက်အကူပြုမည့်အကျိုးအကြောင်းကို ရှင်းပြသည်။

ယခုဖွင့်လှစ်ပို့ချနေသော (MACCS) စာတွေ့သင်တန်းကို ဇန်နဝါရီလ(၂၅)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် တစ်ခုလျှင် သင်တန်းသား စုစုပေါင်း(၂၅)ဦးဖြင့် မူဆယ်မြို့၊ နယ်စပ်ဒေသမှ သင်တန်းသား စုစုပေါင်း(၅၀၀)ဦးနှင့် ချင်းရွှေဟော်မှ သင်တန်းသား(၂၂)ဦး စုစုပေါင်း(၅၂၂)ဦး တက်ရောက် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)