ဟိုပန် ဇန်နဝါရီ ၂၆
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ကျရာကဏ္ဍ၌ တာဝန် ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြသည့်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြု ထားရှိကြောင်း၊ ဟိုပန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နေသည်ကို တွေ့ရှိသည့်အတွက် အသိအမှတ်ပြုကြောင်း၊ မကြာမီကျင်းပပြုလုပ်မည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှု လုပ်ငန်းများတွင်လည်း ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း၍ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်/ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုအခြေအနေကို သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် စီမံကိန်းဦးစီးဌာနသို့ ပေးပို့ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစီမံဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း ကောင်း ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ပြည်ထောင်စုဘတ်ဂျက်/ ပြည်နယ်ဘတ်ဂျက်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့်(၁၂)နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းနိုင်လင်း (ခရိုင်ပြန်/ဆက်)