တန့်ယန်း ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး အသစ်ပြန်လည်ရွေးချယ်ရာတွင် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေနှင့် အသစ်ပြင်ဆင်ပြဌာန်းထားသည့် နည်းဥပဒေများကို ချပြရှင်းလင်းဆွေးနွေးပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၉)အုပ်စုရှိရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ (၇)ဖွဲ့အား ဖွဲ့စည်းထားပြီး နယ်မြေအလိုက်ကွင်းဆင်း၍ ရှင်းလင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)