ကျောက်ဆည် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် လုပ်ငန်းများသုံးသပ်ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
လုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဒေသအလိုက်ကြုံတွေ့ရသော အားသာချက်အားနည်းချက်များ ပွင့်လင်းစွာပူးပေါင်းဆွေးနွေး စေလို ကြောင်း သို့မှသာတွေ့ရှိခဲ့သော အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးက မြစိမ်းရောင် ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဥက္ကဌများမှ စီမံကိန်းကျေးရွာရွေးချယ်ခြင်း နှင့် ရန်ပုံငွေထုတ်ချေးခြင်း၊ စီမံကိန်းရန်ပုံငွေများဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် သက်တမ်းတိုးဆောင်ရွက်သည့် ကိစ္စရပ်များ၊ လုပ်ငန်းများ ကို စောင့်ကြည့်ခြင်း နှင့်အကဲဖြတ်ခြင်း ခေါင်စဉ်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သက်မောက်(ကျောက်ဆည်)