မိုင်းတုံ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ထပ်တိုးအိမ်ထောင်စု(၇၅၉)စုအား တာဝန်ရှိသူတို့က လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေအောင်၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က အုပ်စုများခွဲ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၀)စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၇၅၉)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်-၂၀၀၀ဝိ/ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်-၁၅,၁၈၀,၀၀ဝိ/ ကို ဒေသခံပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
"အရင် ထောက်ပံ့ပေးခဲ့တဲ့ အချိန်တွေတုန်းက ကျွန်တော်တို့ အရမ်းခံစားခဲ့ရတယ်။ ငါတို့တွေလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဖြစ်ပြီး ဘာကြောင့်ချန်ထားခဲ့တာလဲလို့တွေးပြီး စိတ်လည်း မပျော်ဘူး။ ဒီနေ့တော့ ပြောမပြ တတ်အောင်ပျော်တယ်ဗျာ။ အခုလို နိုင်ငံတော်အစိုးရက ပြန်ကြည့်ပြီး ထောက်ပံ့ပေးတဲ့ အတွက်ရော၊ လာရောက် ထောက်ပံ့ပေးတဲ့တာဝန်ရှိသူတွေကိုရော ကျေးဇူးတင်ပါတယ်" ဟု ဖာချယ်ကျေးရွာမှ ဦးမျိုးမင်းထိုက်က ပြောကြား သည်။
မိုင်းတုံမြို့နယ်တွင် ယခင်ထောက်ပံ့ငွေများပေးအပ်စဉ်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၆၁)စုရှိခဲ့ပြီး ယခုအိမ်ထောင်စု(၇၅၉)စု ထပ်တိုးရရှိခဲ့သဖြင့် စုစုပေါင်း အိမ်ထောင်စု(၂၁၂၀)စု ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)