ဇမ္ဗူသီရိ ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အား စတုတ္ထအကြိမ်ထောက်ပံ့ ငွေများပေးအပ်ခဲ့ရာတွင် ထောက်ပံ့ငွေမရရှိခဲ့သော ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ဖြန့်ခွဲပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းရည်ရွယ်ချက်၊ ထောက်ပံ့ငွေ များကို သက်ဆိုင်ရာအိမ်ထောင်စု များထံ လက်ဝယ် အရောက် အမြန်ထုတ်ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် စနစ်တကျ ထုတ်ပေးသွားရန်၊ လုပ်ငန်းစဉ်အတွင်း လုံခြုံရေးအထူး အလေးထား ဆောင်ရွက်ကြရေး၊ ဌာန ဆိုင်ရာအကြီးအကဲများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စုပေါင်း (၂၁၂၀) စု အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၂၄၀၀၀၀၀) ကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများသို့ ဖြန့်ခွဲပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)