မြောက်ဥက္ကလာပမြို့နယ်တွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဈေးကားများဖြင့် (၁၂)ကြိမ်မြောက် လာရောက်ရောင်းချ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၆

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ ပြည်သူများ မိမိတို့နေအိမ်များနှင့် ဝေးကွာသော နေရာများတွင် သွားရောက်ဝယ်ယူခြင်း မပြုနိုင်စေရန်နှင့် ရပ်ကွက်အတွင်း၌သာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် (စ) ရပ်ကွက်၊ သန္တာ(၄)လမ်းနှင့် (ဇ)ရပ်ကွက်ဣန္ဒာ (၄)လမ်းတွင် ယနေ့ နံနက် (၇) နာရီမှ (၉)နာရီထိ ဈေးကားများဖြင့် အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက် များ၊ ဆီ၊ ကြက်ဥနှင့် အခြားမီးဖိုချောင်သုံး ပစ္စည်းများကို Mobile Market စျေးရောင်းကား (၉)စီး ဖြင့်လည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှည့်လည်ရောင်းချရာတွင် မြောက်ဥက္ကလာပမြို့နယ်သို့ ဈေးကားများမှာ တစ်ပတ်လျှင် (၁)ကြိမ် လာရောက်ရောင်းချခြင်းဖြစ်ရာ ယခုရောင်းချမှုမှာ (၁၂)ကြိမ်မြောက် လာရောက်ရောင်းချခြင်း ဖြစ်ပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများက ဈေးကားများနှင့် ဈေး ဝယ်သူများ စနစ်တကျ ဝယ်ယူရောင်းချနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)