ချင်းရွှေဟော် ဇန်နဝါရီ ၂၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက် လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၃)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၃)ဦးမှာ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၅)ဦး တို့ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်မှ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ(၄)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် မှ(၃)ဦး၊ မြောင်းမြမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှ(၂)ဦး၊ သိန္နီမြို့နယ်မှ(၁)ဦး နှင့် မိုင်းရှူးမြို့နယ်မှ(၁)ဦး တို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့် ရေးစခန်းတွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေ:အတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ သည်။
ဇင်ဇင်(ပြန်/ဆက်)