မောက်မယ် ဇန်နဝါရီ ၂၆
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယ) နှစ်စက်၀န်း အုပ်စုအဆင့် ထောက်ပံ့ရန်ပုံငွေ ပေးအပ်ခြင်းနှင့် လုပ်ငန်းဆောင် ရွက်မည့်နေရာများအား ယမန်နေ့ နေ့လယ်ပိုင်းက ကဒူးကြီးကျေးရွာအုပ်စုသို့ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာအကြံပေးအဖွဲ့မှ စောင့်ကြည့်ကြီးကြပ်ရေး တာဝန်ခံ ဒေါ်သန္တာမြင့်မှ အုပ်စုအဆင့် ထောက်ပံ့ရန်ပုံငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခြင်း၊ ထောက်ပံ့ ရန်ပုံငွေ များအား စီမံကိန်းလမ်းညွှန်ချက်များနှင့်အညီ သုံးစွဲသွားရန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရာတွင်လည်း အလေ အလွင့် မရှိစေရန် အကြံပြုဆွေးနွေးပြီး လုပ်ငန်းဆောင်ရွက်သွားမည့် ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာ လူထုများနှင့်တွေ့ဆုံပြီး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများဖြင့် အချိန်မီဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ကဒူးကြီးကျေးရွာအုပ်စုသည် ကျေးရွာပေါင်း(၂၃)ရွာရှိပြီး လူထုဗဟိုပြုစီမံကိန်း(တတိယ) နှစ်စက်၀န်းတွင် ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း(၇၅၀)ဖြင့် ကျေးရွာပေါင်း(၁၁)ရွာအား အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
စိုင်းမျိုးသန့်(မောက်မယ်)