ကျိုက်မရော ဇန်နဝါရီ ၂၆
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ကျိုက်မရော လူငယ်ပရဟိတအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင် သာယာစျေးကြီးနှင့် လူစည်ကားရာ လမ်းဆုံများနှင့် ပိန္နဲကုန်း စျေးများတွင် ယနေ့နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လှုပ်ရှားမှု အဝါရောင် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကိုကိုဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပရဟိတလူငယ်များ ပူးပေါင်းပြီး ကိုဗစ်-၁၉လှုပ်ရှားမှုအဖြစ် ကျိုက်မရော မြို့မစျေးအတွင်း စျေးဝယ်သူ၊ စျေးရောင်းသူများနှင့် လမ်းသွားလမ်းလာပြည် သူများအား နှာခေါင်းစည်း (mask) များအခမဲ့ ဖြန့်ဝေ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ စိတ်အပန်းပြေစေရန်သရုပ်ပြ ကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆောင်ရန်ရှောင်ရန်စည်း ကမ်းချက်များပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီးPhysical Fitness Dance အဖွဲ့က လက်ဆေးပါ သရုပ်ပြ ကကွက်များဖြင့် သရုပ်ပြ၍ နှာခေါင်းစည်းများ ပေးဝေခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)