နေပြည်တော် ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က စားသုံးသူရေးရာဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရန်နှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးရန်နှင့် အတည်ပြု ဆုံးဖြတ်ပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီနှင့် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးသူအသိညာပေးရေးနှင့် စားသုံးသူကာကွယ် ရေး လုပ်ငန်းများကို နိုင်ငံအဝန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပညာရေးကဏ္ဍ၌ ကျောင်းသား/ ကျောင်းသူများကို သင်ကြားပို့ချမည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်၌ စားသုံးသူအသိညာပေးရေး ကဏ္ဍကို ထည့်သွင်းသင်ကြားပို့ချမည်ဖြစ်သည့်အတွက် စားသုံးသူ အသိပညာများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းလင်းက အမှာစာများ ဆောင်ရွက်ပြီးစီးမှုများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ကြရန်၊ ဆောင်ရွက်ပြီး အမှာစာများကို မှတ်တမ်းတင်ထားရှိရန်၊ စီမံချက်များ ချမှတ်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကော်မတီဝင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်ပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)