မြစ်သားမြို့နယ်၌ မိုးဝါစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မြစ်သား ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်း ဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများ တွင်ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသင်းသားတောင်သူ ၄၀ စိုက်ဧက ၉၈ ဧကအတွက် ၁၄ ဒသမ ၁၀၀ သန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်ထား သည့် ထားဝယ်အင်းငွေစု ငွေချေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦး‌ကျော်စွာဝင်း၏ ကွင်းအမှတ် (၆၄၆) ရှိ သုံးဧက ရွှေတောင် ၈ ဝါမျိုး စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက တောင်သူဦးကြီးများအား ခေတ်မှီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း၊  ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုးဝါစိုက်အသင်းသားတောင်သူများက သိရှိလိုသည်များ‌မေးမြန်းခဲ့ရာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရ သည်။

ဝါဝါမြင့်(ပြန်/ဆက်)