ပြင်ဦးလွင် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့်ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက်၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးသက်လွင်ထူးနှင့်အဖွဲ့၀င်များသည် စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိနှင့် ဆီစာအုပ်များကို စနစ်တကျထုတ်ပေးခြင်း၊ ခွဲတန်းအရ ရရှိသော ဆီပိဿာချိန်ကို ဌာနမှချမှတ်ထားသော မှန်ခြောက်မှန်နှင့်အညီ ပြည်သူများအား အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိတို့ကို ကိုယ်စားလှယ်အရောင်းဆိုင်များဖြစ်သည့် ရပ်ကွက်ကြီး (၁)၊ (၃)၊ (၄)၊ (၁၀)၊ (၁၂)တို့မှ စုစုပေါင်းခြောက်ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အရောင်းကိုယ်စားလှယ် တာဝန်ခံများနှင့် စားသုံးသူပြည်သူများအားရောင်းချမှု/ဝယ်ယူရရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းခဲ့ကြသည်။
ပြင်ဦးလွင်မြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စု ၅၉၅၀၉ စုရှိပြီး ယာယီတိုက်ပွဲရှောင်၊ ရွှေ့ပြောင်းလုပ်သား၊ ဧည့်အိမ်ထောင်စုများကိုလည်း ဆီထုတ်စာအုပ်များ စနစ်တကျ ပြုလုပ်ရောင်းချ နေခြင်းဖြစ်ပြီး ယခင်က တစ်အိမ်ထောင်လျှင် နှစ်ပိဿာနှုန်းသာ ရောင်းချပေးခဲ့ရာမှ ဇူလိုင်လနောက်ဆုံးပတ်မှ စတင်၍ တစ်အိမ်ထောင်စုလျှင် နှစ်ပိဿာငါးဆယ်ကျပ်သားနှုန်း တိုးမြှင့်ရောင်းချပေးလျက်ရှိသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)