မြင်းခြံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ကျင်းပ

မြင်းခြံ ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက မြင်းခြံတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ်က မြင်းခြံတက္ကသိုလ်မှ ဆရာ/ဆရာမများက စာပေသင်ကြားခြင်းအပြင် ကျောင်းသား/ ကျောင်းသူကို ကာယဉာဏဖွံ့ဖြိုးရေးအတွက် အားကစားများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင်လည်း မိုးလုံလေလုံအားကစားကွင်းနှင့် ဘောလုံးကွင်းတို့တွင်လည်း ကျောင်းသား/ ကျောင်းသူများ ဘောလုံးကစားနည်း၊ ဘောလီဘောကစားနည်း၊ Fitness Dance အပြင် အခြား အားကစားနည်းများ ဆော့ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် အားကစား ပြိုင်ပွဲတွင် စစ်တုရင်ပြိုင်ပွဲ(အမျိုးသား) ၈ ဦး၊ စစ်တုရင်ပြိုင်ပွဲ(အမျိုးသမီး) ၂ ဦးနှင့် စားပွဲတင်တင်းနစ်(အမျိုးသား) ၈ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)