သာစည် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက မြို့နယ်အတွင်းရှိလျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အားခများကို နေအိမ်မှလွယ်ကူလျင်မြန်စွာပေးဆောင်နိုင်ရန် အွန်လိုင်းစနစ်ဖြင့်လျှပ်စစ်ဓာတ်အားခပေးဆောင်ပုံ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်သည်။
ဟောပြောပွဲတွင် ဦးစွာ မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်မေသဇင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးဆောင်ရွက်နေမှုများနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်မော်က လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး သတိပြုရမည့်အချက်များ၊ လျှပ်စစ်အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး ကမ္ဘောဇဘဏ်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် မိမိနေအိမ်မှ လျှပ်စစ်ဓာတ်အားခများကို လွယ်ကူလျင်မြန် စွာပေးဆောင်နိုင်ရေးအတွက် Online Banking ဖြင့် လျှပ်စစ်ဓာတ်အားခပေးဆောင်ပုံအဆင့်ဆင့်အား ရှင်းလင်းဟောပြောသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်း(သာစည်)