ဗန်းမော် ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ယမန်နေ့က ဗန်းမော်ပြည်သူ့ ဆေးရုံကြီး၌ RDT (Rapid Antigen Diagnostic Test Kit) ဖြင့် စစ်ဆေးရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်၌ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းလာပြီး သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအသီးသီးရှိ Quarantine Centre များ၌ Quarantine (၇) ရက် ဝင် ရောက်လျက်ရှိသည့် ရန်ကုန်မြို့မှ ဗန်းမော်မြို့သို့(၁၃)ဦးနှင့် မန္တလေးမြို့မှ ဗန်းမော်မြို့သို့(၂)ဦး၊ စုစုပေါင်း (၁၅)ဦးတို့အား ဇန်နဝါရီလ(၂၅)ရက် ၂ နာရီခန့်တွင် ဗန်းမော်ပြည်သူ့ ဆေးရုံကြီးသို့ ခေါ်ဆောင်၍ RDT (Rapid Antigen Diagnostic Test Kit) ဖြင့် ရောဂါပိုး ရှိ/မရှိအား ထပ်မံစစ်ဆေးခဲ့ရာ မန္တလေးမြို့မှ ဗန်းမော်မြို့သို့ လိုက်ပါစီးနင်းခဲ့ပြီး အလယ်ရပ်ကွက်ရှိ ပါရာဒိုက်ဟိုတယ်၌ Hotel Quarantine ဝင်ရောက်လျက်ရှိသည့် ရွှေကူမြို့နယ်နေသူ အမျိုးသား(၁)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။
ရောဂါပိုးတွေ့ရှိသူအား ညောင်ပင်ရပ်ကွက်၊ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်းရှိ အထူး ကုသဆောင်၌ ဆေးဝါးကုသပေးလျက်ရှိကြောင်းနှင့် အဆိုပါရောဂါပိုးတွေ့ရှိသူ Quarantine(၇)ရက် ဝင်ရောက်ခဲ့သည့် ပါရာဒိုက် ဟိုတယ်အား သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများမှ Lock Down ချထားရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်ထိ ဗန်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး ဖြစ်ပွားသူ (၁)ဦးသာရှိသေးကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)